ရင်ပူနေတာ ဘာကြောင့်လဲ
အချစ်သီချင်းတွေမှာ စာသားတွေ ဖွဲ့နွဲ့တဲ့အခါ ကိုယ် crush တဲ့သူက "ဂရုမစိုက်တာ ၊ ပစ်ပယ်တာ ၊ ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ မအောက်မေ့တာ" စတဲ့ ခံစားချက်တွေနဲ့ ဆွေးမြေ့ လောင်ကျွမ်းနေတာကို "ရင်ကွဲမတတ် ရင်ပူရတယ်" စတဲ့ စကားလုံးမျိုးစုံ တန်ဆာဆင် သုံးနှုန်းကြပါတယ်။ ရင်ပူတာဟာ စိတ်ဖိစီးမှု ၊ စိတ်သောက ရောက်မှုတွေနဲ့ ဆိုင်လားဆိုတာ ဒီစာလေးကို အဆုံးထိ ဖတ်ရင်း တွေးတော နိုင်ပါတယ် မိတ်ဆွေ။
ရင်ပူတယ်ဆိုတာ ရင်ဘတ်ထဲက ပူစပ်ပူလောင် ဖြစ်သလိုလို၊ အရမ်းဆိုးပါက မီးစနဲ့ထိုးနေသလိုမျိုး ခံစားဖူးတဲ့ သူတွေဆို အတော့်ကို မသက်မသာ ခံရအရမ်းဆိုးတယ် ဆိုတာ လက်ခံမှာပါ။ ရင်ပူတာဟာ အစာအိမ်ထဲမှာ ရှိရမယ့် အက်ဆစ်တွေဟာ လည်ချောင်းထဲက အစာရေမြိုပြွန်အထိ ပြန်ကန်တက်လာတာကြောင့် ဖြစ်ပါတယ်။
ဒီလိုမျိုး ရင်ပူတာဟာ မသက်သာဘဲ တစ်ပတ်ကို နှစ်ကြိမ်ထက် ပို၍ တောက်လျောက် ခံစားနေရပါက အစာအိမ်အချဥ်ပေါက်တဲ့ ရောဂါလို့ လူသိများတဲ့ GERD ( Gastro-esophageal reflux disease) ခံစားနေရပြီသတ်မှတ်လို့ ရပါတယ်။
GERD မှာ ရင်ပူတာအပြင် ဘာတွေ ထပ်ခံစားရသေးလဲ?
လေချဥ်တွေတက်တာ၊ ပါးစပ်အနံ့ဆိုးတာ၊ ဖြစ်လိုက်ပျောက်လိုက် ဂျို့တအားထိုးတာ၊ ချောင်းဆိုးတာ၊ အသံတွေ သြ လာတာ ၊ ဗိုက်ကြီးကယ် နေလို့မကောင်းတာ တွေပါ အတူတွဲပြီး ခံစားရနိုင်ပါတယ်။ အစာစားပြီးတဲ့အချိန်၊ ကုန်းလိုက်တဲ့ အချိန်၊ လဲလျောင်းလိုက်တဲ့ အချိန်တွေမှာတော့ ပိုပြီး ဆိုးလာတတ်ပါတယ်။
ဒီလိုမျိုး ခံစားနေရတာတွေဟာ ဘာကြောင့် ဖြစ်တာလဲ?
လူအတော်များများဟာ တစ်ခါတစ်လေ ဘာအကြောင်းအရာမှ တိတိပပ မရှိဘဲလဲ ရင်ပူတာကို ကြုံဖူးကြမှာပါ။ ဒါ့အပြင် တစ်ချို့သော အကြောင်းအရာတွေကလဲ ရင်ပူတာကို ပိုဆိုးစေပါသေးတယ်။
- အရက်၊ ကော်ဖီ၊ ခရမ်းချဥ်သီး၊ ချောကလက် နဲ့ အဆီများပြီး စပ်တဲ့ အစားအစားတွေ
- အဝလွန်နေသူတွေ
- ကိုယ်ဝန်ဆောင်တွေ
- ဆေးလိပ်သောက်သူတွေ
- အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သူတွေ
- စိတ်ဖိစီး စိတ်သောကရောက်နေသူတွေ
- မွေးရာပါ ချို့ယွင်းချက်ကြောင့် အစာအိမ်နဲ့ အူရဲ့အစိတ်အပိုင်းအချို့ ဟာ အဆုတ်ရှိတဲ့ ရင်ခေါင်းထဲပါ ရောက်ရှိနေတဲ့ Hiatus hernia ရှိသူတွေ စတဲ့ အကြောင်းအရာတွေဟာ ရင်ပူတာကို ပိုဆိုးစေပါတယ်။
အစာအိမ်အချဥ်ပေါက်တာ သက်သာအောင် ဒါမှမဟုတ် ပျောက်ကင်းအောင်အထိ ကုသနိုင်တဲ့ နေထိုင်စားသောက်မှုပုံစံ တစ်ချို့က ဘာတွေလဲ?
"Do" လုပ်ရမယ့် အရာများ
- နည်းနည်းနဲ့ ခဏခဏစားပါ။
- အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကန်မတက်နိုင်အောင် အိပ်တဲ့အခါ ကုတင်ခေါင်းရင်းကို 10-20cm လောက် မြှင့်ထားပေးပါ။ အိပ်ရာခင်းအောက် တစ်ခုခု ခံထားလဲ ရပါတယ်။ အကြမ်းဖျင်းအားဖြင့် ခေါင်းနဲ့ရင်ဘတ်ဟာ ခါးထက် မြင့်နေရမှာပါ။
- အဝလွန်တဲ့သူဖြစ်ပါက စနစ်တကျ ဝိတ်လျှော့ပါ။
- စိတ်ဖိစီးမှုတွေ လျှော့ချပြီး စိတ်ရောကိုယ်ပါ အနားယူပါ။
"Don't" ရှောင်ရှားရမယ့် အရာများ
- မိတ်ဆွေအတွက် ရင်ပူတာနဲ့ တခြားသော ခံစားနေရတဲ့ အရာတွေ ပိုဆိုးစေတဲ့ အစားအစာတွေ ရှောင်ပါ။
- အိပ်ရာမဝင်ခင် သုံးလေးနာရီ အလို အစား စားတာ ရှောင်ပါ။
- ခါးအရမ်းကြပ်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ပါ။
- ဆေးလိပ်မသောက်ပါနဲ့။
- အရက်အလွန်အကျွံ မသောက်သုံးပါနဲ့။
- ပေးထားတဲ့ဆေး သောက်လက်စ အစာအိမ်ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် မရပ်ပါနဲ့။ ( ရောဂါပြင်းထန်ပါက တစ်လကနေ နှစ်လအထိ စွဲသောက်ရတဲ့ အစာအိမ်ဆေးတွေ ရှိလို့ပါ)
- အကိုက်အခဲပျောက်ဆေးတွေ မလိုအပ်ဘဲ ပဲလှော်စားသလို မသောက်ပါနဲ့။
အထက်ပါ ဆောင်ရန်ရှောင်ရန်များကို လိုက်နာပြီး ဆေးလဲ သေချာသောက်ရဲ့သားနဲ့ (၃)ပတ်ကျော်တဲ့အထိ ရင်ပူတာ အချိန်အတော်များများ မသက်သာဘူး ဆိုရင်တော့ မဖြစ်မနေ ဆရာဝန် ပြန်လည်ပြသ သင့်ပါတယ်။
တချို့နိုင်ငံတွေမှာတော့ နေထိုင်မှုပုံစံပြောင်းလဲရုံမက ဆေးတွေနဲ့ပါ မတိုးတော့တဲ့အခါ Fundoplication လို့ခေါ်တဲ့ အစာရေမြွန်ပြွန်က အစာအိမ်ထဲဝင်တဲ့ အပေါက် မွေးရာပါကျယ်နေတဲ့ သူတွေ (Hiatus hernia ) ကို ပြန်ကျဥ်းပေးပြီး ပုံမှန်သူတွေအတွက်တော့ အစာအိမ်ထဲကအစာတွေ အစာရေမျိုပြွန်ကို ပြန်ဆန်မတက်နိုင်အောင် နှစ်ခုကြားမှာ ရှိတဲ့ အစာရေမျိုပြွန်ရဲ့ အဖွင့်အပိတ် Valve ကို modify လုပ်တဲ့ ခွဲစိတ်မှုကို လုပ်လေ့ရှိကြပါတယ်။ ဗိုက်ဖွင့်စရာမလိုဘဲ Laparoscope လို့ခေါ်တဲ့ ကိရိယာကို ဗိုက်က အပေါက်သေးသေးလေးတွေက တစ်ဆင့် ထည့်သွင်းတပ်ဆင်ပြီး ခွဲစိတ်နိုင်သလို အရမ်းရှားတဲ့ case တွေမှာတော့ ဗိုက်ဖွင့်ပြီး ခွဲစိတ်ရတာတွေလဲ ရှိပါတယ်။
မိတ်ဆွေတို့ကော အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ရင်ပူတာကြုံဖူးကြပါသလား? ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်